Wu-Tang Clan ရဲ့ Hip-Hop တော်လှန်ရေး ( အပိုင်း ၁ )


သမိုင်းအစဉ်အလာထဲမှာတော့ Wu-Tang Clan အဖွဲ့လောက် တော်လှန်ရေးဆန်ပြီး အကျိုးသက်ရောက်မှု အပြည့် ပြန်လည်ရယူနိုင်ခဲ့တဲ့ Hip-Hop အဖွဲ့ဆိုတာ မရှိခဲ့ပါဘူး။ Wu-Tang Clan ဟာ အချိန်တိုင်းအတွက် အကြီးမြတ်ဆုံး Rap အဖွဲ့အဖြစ်သတ်မှတ်ခံခဲ့ရသလို လေ့လာသူအချို့ကလည်း Public Enemy ၊ Tribe Called Quest ၊ The Roots တို့လို့ ရာဇ၀င်တွင်ရစ်ခဲ့တဲ့ Rap အဖွဲ့တွေထက်ပင် Wu-Tang Clan ကို အဆင့်သတ်မှတ်ပေးထားကြပါတယ်။

Wu-Tang Clan အကြောင်းပြောမယ်ဆိုရင်ပဲ Rapper အားလုံးက "Enter the Wu-Tang(36 Chambers)" ဆိုတဲ့ ပွဲဦးထွက် အယ်လ်ဘမ်  ၊ "Triumph" သီချင်းအတွက် ဗီဒီယို ဖန်တီးထားမှု ၊ "Impossible" သီချင်းမှာ Ghostface Killah ရဲ့  ကြောက်ခမန်းလိလိ Rap သီဆိုမှု တို့အပါအ၀င် အခြား ဂန္တ၀င် အနုပညာ လှုပ်ရှားမှုတွေကို သိထားပြီးသား ဖြစ်မှာပါ။ ဒါပေမယ့် Wu-Tang ဟာ အမိုက်စား သီချင်းခွေတွေ ၊ သမိုင်းတွင်မယ့် Rap တွေ ကို ဖန်တီးထုတ်လုပ်ခဲ့ရုံသာမက Hip-Hop နယ်ပယ်မှာလည်း အသစ်ထွက်ပေါ်လာမယ့် မျိုးဆက်သစ်တွေ အတွက် တော်လှန်ရေး ဆင်နွှဲပေးခဲ့ပါသေးတယ်။  ဒါတွေအားလုံးအတွက်တော့ ရေရှည်အမြင် ရှိပြီး အဲဒီအမြင်ကိုလည်း အထမြောက်စေနိုင်စွမ်း ရှိတဲ့ RZA ကို အရင်ဆုံး ချီးကျူးရပါလိမ့်မယ်။  "ကျွန်တော်က ကား ဒရိုင်ဘာပေါ့ဗျာ။ ကျွန်တော်တို့ ဘယ်ကိုသွားနေတာလဲ ဆိုတာတော့ ဘယ်သူမှ မေးနေစရာမလိုဘူး။ အားလုံးကို နံပါတ် ၁ နေရာဆီ ရောက်အောင် ကျွန်တော် ခေါ်သွားနေတယ်။ ကျွန်တော့်ကို အချိန် ၅ နှစ်ပဲ ပေးပါ။ အားလုံးကို အဲဒီနေရာဆီ ရောက်အောင် ခေါ်သွားမယ်လို့ ကျွန်တော် ကတိပေးတယ်။" ဆိုတဲ့ စကားကတော့ Wu-Tang တော်လှန်ရေးအတွက် RZA ပြောခဲ့ဖူးတဲ့ အမှတ်တရ တစ်ခုပါပဲ။






Wu-Tang Clan ကို စတင် အသက်သွင်းခြင်း
ဘရွတ်ကလင်း ၊ ဘရောင်းစ်ဗီလီလ် ရပ်ကွက်မှာ မွေးဖွားကြီးပြင်းလားတဲ့ RZA ဟာ ၉ နှစ်သားအရွယ်မှာကတည်းက Hip-Hop ကိုစတင် စိတ်ဝင်စားခဲ့ပြီး ဂီတ သမားတစ်ယောက် ရဲ့  အိပ်မက်မျိုးနဲ့ ကြီးပြင်းလာခဲ့သူတစ်ယောက်ပါ။ ၁၉၉၁ ခုနှစ်မှာတော့ သူ့ရဲ့  အိပ်မက်တွေအားလုံး တစ်ကယ်ဖြစ်လာခဲ့ပါတယ်။ RZA ဟာ Prince Rakeem ဆိုတဲ့ အနုပညာအမည် နဲ့ Tommy Boy ဓါတ်ပြားတိုက်မှာ စာချုပ်ချုပ်ဆိုခဲ့ပြီးတဲ့နောက် "Ooh I Love You Rakeem" ဆိုတဲ့ EP တစ်ခွေကို ထုတ်လုပ်ဖြန့်ချီရင်း သူ့ရဲ့  အိပ်မက်တွေကို စတင်အကောင်အထည်ဖော်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ကံမကောင်းစွာနဲ့ပဲ သူ့ရဲ့  ပရောဂျက်ဟာ ကော်မာရှယ် အရမ်းဆန်နေခဲ့တဲ့အတွက် ဝေဖန်မှုပေါင်းများစွာနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ Tommy Boy ဓါတ်ပြားတိုက်ကလည်း သူနဲ့ချုပ်ဆိုထားတဲ့ စာချုပ်ကို ပယ်ဖျက်ခဲ့ပါတယ်။
အဲဒီ အာရုံနောက်စရာ အတွေ့အကြုံတွေနဲ့ အမှားတွေကနေ သင်ခန်းစာယူခဲ့ပြီးတဲ့နောက်မှာတော့ RZA ဟာ Staten Island ကိုပြန်သွားပြီး သူ့ရဲ့  ညီအစ်ကို ၀မ်းကွဲ နှစ်ယောက် ဖြစ်တဲ့ GZA နဲ့ Ol' Dirty Bastard တို့ကို Rap ဆိုဖို့အတွက် စည်းရုံးခဲ့ပြန်ပါတယ်။ သူတို့ ၃ ယောက် ပေါင်းမိသွားတဲ့နောက်မှာတော့ RZA ရဲ့  ငယ်သူငယ်ချင်း တွေဖြစ်ကြတဲ့ Inspectah Deck ၊ Raekwon ၊ Method Man ၊ U-God ၊ Ghostface Killah  တို့ ၅ ယောက် ကိုပါ စည်းရုံးပြီး Wu-Tang Clan ကို ဖွဲ့စည်း ဖြစ်ပေါ်စေခဲ့ပါတယ်။ မှတ်တမ်း အထောက် အထား တွေရဲ့  ဖော်ပြချက်တွေအရတော့ Wu-Tang Clan မှာ လူသိအနည်းဆုံး Member ၂ ယောက်ဖြစ်တဲ့ Masta Killa နဲ့ Cappadonna တို့ဟာလည်း အစောပိုင်း ကတည်းက Wu-Tang မှာ ပါဝင်ခဲ့ပေမယ့် Cappadonna ဟာ ထောင်ကျသွားခဲ့တာကြောင့် လှုပ်ရှားမှုတွေမှာ ပါဝင်မှုနည်းပါးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ Wu-Tang Clan ဆိုတဲ့ နာမည်ကိုတော့ "Shaolin and Wu Tang" ဆိုတဲ့ ရုပ်ရှင်ကနေ လွှမ်းမိုးမှု ရယူပြီး RZA နဲ့ Ol' Dirty Bastard တို့ ၂ ယောက် က မှည့်တွင်စေခဲ့တာပဲ ဖြစ်ပါတယ်။
Wu-Tang Clan ရဲ့  ပထမဆုံး လှုပ်ရှားမှုအနေနဲ့ကတော့ အဖွဲ့ဝင်အားလုံး ထံကနေ တစ်ယောက်ကို ဒေါ်လာ ၁၀၀ နှုန်းနဲ့ ရန်ပုံငွေ ကောက်ခံပြီး အသံသွင်းဖို့အတွက် လိုအပ်တဲ့ စတူဒီယိုသုံး ပစ္စည်းတွေ ၀ယ်ယူခဲ့ပြီး RZA ရဲ့  အိမ် ၊ မြေအောက်ခန်းမှာ သီချင်းတွေ စလုပ်ခဲ့တာပါ။ Wu-Tang Clan ရဲ့  ပထမဦးဆုံး အမှီအခို မဲ့(independent) Single သီချင်းတစ်ပုဒ်ဖြစ်တဲ့ "Protect Ya Neck" ဆိုတဲ့ သီချင်းကိုလည်း အဲဒီ မြေအောက်ခန်းမှာ စတင်သွင်းယူပြီး Wu-Tang Records ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ စတင်ထုတ်လုပ်ခဲ့ပါတယ်။ 




ဓါတ်ပြားတိုက် သဘောတူညီမှု နဲ့ နယ်မြေဖြန့်ကျက်ခြင်း 
"Protect Ya Neck" သီချင်းဟာ Underground နယ်ပယ်မှာ အရမ်းအောင်မြင် လူကြိုက်များခဲ့တဲ့အတွက် Wu-Tang Clan ဟာ Loud Records ဆိုတဲ့ ဓါတ်ပြားတိုက်နဲ့ စာချုပ်ချုပ်ဆိုနိုင်ခဲ့ပါတယ်။ ဒါကတော့ သာမန် ဇာတ်လမ်းမျိုးပါပဲ။ Rap အဖွဲ့ တစ်ဖွဲ့အနေနဲ့ Underground သီချင်းတစ်ပုဒ် ဖြန့်ချီတယ် ၊ ပေါက်သွားတယ် ၊ ဓါတ်ပြားတိုက် စာချုပ် ရလာတယ်။ ထုံးစံ တစ်ခုလိုပါပဲ။ Wu-Tang Clan အဖွဲ့ရဲ့  ပွဲဦးထွက် အယ်လ်ဘမ် တစ်ချပ်ဖြစ်တဲ့ "Enter the Wu-Tang (36 Chambers)" ကိုလည်း ၁၉၉၃ ခုနှစ် ၊ နိုဝင်ဘာလမှာ Loud ဓါတ်ပြားတိုက်ကနေ တဆင့် ထုတ်လုပ်ခဲ့ပါတယ်။ ဒါပေမယ့် ဥာဏ်ကြီးရှင် RZA ရဲ့  အမြော်အမြင်ရှိမှုတွေကတော့ အဲဒီအချိန်မှာ စတင် မြင်တွေ့လာရပါတယ်။ RZA ရွှေ့ခဲ့တဲ့ အကွက်တွေကတော့ Loud ဓါတ်ပြားတိုက်ကို Wu-Tang Clan အဖွဲ့လိုက် အနေနဲ့သာ စာချုပ်ချုပ်ဆိုစေခဲ့တာ ဖြစ်ပြီး ကျန်တဲ့ အဖွဲ့ဝင်တွေ တစ်ယောက်ချင်းစီကိုတော့ တစ်ခြား ဓါတ်ပြားတိုက်နဲ့ တစ်ကိုယ်တော် လှုပ်ရှားမှု အသီးသီးအတွက် စာချုပ်တွေ ချုပ်ဆိုစေခဲ့တာပဲ ဖြစ်ပါတယ်။ Rap လောကကြီး တစ်ခုလုံးကို အနိုင်ရဖို့အတွက်ကတော့ အင်အားကြီးမားလွန်းတဲ့ Wu-Tang Clan အဖွဲ့ကြီးကို ဂီတနယ်ပယ် တစ်ခုလုံးစာ အထိ ဖြန့်ကျက် ကျင်လည် စေမှရမယ်လို့ RZA က တွေးခဲ့တာပါ။ 
"Hip-Hop ယဉ်ကျေးမှုကို တည်ဆောက်ခဲ့ကြတဲ့ ပုံစံကိုပဲ ကျွန်တော် ပြန်လည်ဆန်းသစ်ခဲ့တာပါ။ ဆိုလိုချင်တာက အဖွဲ့တစ်ဖွဲ့နဲ့ ဓါတ်ပြားတိုက်တစ်ခုနဲ့ စာချုပ်ချုပ်တယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ အခြား ဓါတ်ပြားတိုက်နဲ့ စာချုပ်ချုပ်ခွင့်ရှိနေပါသေးတယ်။ အဲဒါကြောင့်ပဲ Method Man က Def Jam ၊ Ghostface Killah က Sony ၊ GZA က Geffen အစရှိသဖြင့် ဓါတ်ပြားတိုက်အသီးသီးနဲ့ စာချုပ်ချုပ်ဆိုစေခဲ့ပြီး Raekwon ကတော့ Loud နဲ့ပဲ ဆက်လက် အလုပ်လုပ်စေခဲ့တာပါ"လို့ RZA က ပြောခဲ့ဖူးပါတယ်။
သူတို့ရဲ့  ပွဲဦးထွက်အယ်လ်ဘမ် "Enter the Wu-Tang (36 Chambers)" အောင်မြင်ခဲ့တဲ့အလျောက် အဲဒီ အယ်လ်ဘမ်ထဲက "Method Man" နဲ့ "C.R.E.A.M" ဆိုတဲ့ သီချင်း ၂ ပုဒ်ကတော့ Billboard မှာ အအောင်မြင်ဆုံး သီချင်း ၂ ပုဒ် ဖြစ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူတို့အဖွဲ့ဟာ တစ်ယောက်ချင်း လှုပ်ရှားမှုတွေကို စတင်ခဲ့ကြပါတယ်။ ပထမဆုံး ခွဲထွက်လှုပ်ရှားခဲ့တာကတော့ RZA ပါ။ RZA ဟာ Prince Paul ၊ Poetic နဲ့ Frukwan ဆိုတဲ့ လုပ်ဖော်ကိုင်ဖက် အသစ်တွေနဲ့အတူ Gravediggaz ဆိုတဲ့ အဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး horrorcore ဆိုတဲ့ Hip-Hop ပုံစံကွဲ တစ်ခု သတ်မှတ်ပြီး "6 Feet Deep" ဆိုတဲ့ အယ်လ်ဘမ်ကို ထုတ်လုပ်ခဲ့ပါတယ်။ ဒုတိယမြောက် ခွဲထွက်လှုပ်ရှားခဲ့တာကတော့ Method Man ဖြစ်ပြီး Def Jam ဓါတ်ပြားတိုက်က တဆင့် "Tical" ဆိုတဲ့ တစ်ကိုယ်တော် ပွဲဦးထွက် အယ်လ်ဘမ်ကို ထုတ်လုပ်ခဲ့ပြီး အဲဒီ အယ်လ်ဘမ်ဟာ Billboard မှာ နံပါတ် ၄ နေရာ အထိ ရပ်တည်နိုင်ခဲ့ပါတယ်။ အဲဒီအယ်လ်ဘမ်ထဲက သီချင်း တစ်ပုဒ်ဖြစ်တဲ့ "All I Need" ဆိုတဲ့ သီချင်းကိုလည်း ၁၉၉၅ ခုနှစ်မှာ Wu-Tang Clan အဖွဲ့လိုက် Remix ဗားရှင်းအဖြစ် ပြန်လည် ဖန်တီးပြီး တစ်ပုဒ်ထဲ ထုတ်လုပ်ခဲ့ရာမှာလည်း Billboard နံပါတ် ၃ အထိ ချိတ်နိုင်ခဲ့ပြီး အကောင်းဆုံး Rap တင်ဆက်မှုဆိုတဲ့ ဂရမ်မီဆုကိုပါ ရရှိခဲ့ပါတယ်။
Ol' Dirty ၊ Raekwon ၊ GZA နဲ့ Ghostface Killah တို့ဟာလည်း Method Man နဲ့ ရှေ့ဆင့်နောက်ဆင့် ပဲ တစ်ကိုယ်တော် အယ်လ်ဘမ်တွေကို အသီးသီး ထုတ်လုပ်ခဲ့ပြန်ပါတယ်။ သူတို့ရဲ့  တစ်ကိုယ်တော် အခွေတွေဟာလည်း ပလက်တီနမ် အဆင့်အထိ ရောင်းအားကောင်းခဲ့ပါတယ်။ သူတို့ တစ်ဖွဲ့လုံးရဲ့  ညှိုနှိုင်းစရာ မလိုတဲ့ စတိုင်လ်တွေ ၊ ခပ်ကြမ်းကြမ်း စာသားတွေကို ထည့်သွင်း ရွတ်ဆိုခဲ့တာတွေဟာ ပရိသတ်တွေအတွက် Puff Daddy ရဲ့  Bad Boy ဓါတ်ပြားတိုက်နဲ့ ကွဲပြားခြားနားမှု တစ်ခုသဖွယ် ဖြစ်လာစေခဲ့ပါတယ်။ အဲဒီကနေ စပြီး Wu-Tang Clan နဲ့ Bad Boy ဓါတ်ပြားတိုက်တို့ဟာ နှစ်အနည်းငယ်ကြာ Beef(မကျေလည်မှု) တွေ ဖြစ်ပေါ်သွားစေခဲ့တာပဲ ဖြစ်ပါတယ်။ 




Wu-Tang Clan ပြန်လည်စုစည်းခြင်း နဲ့ 4x Platinum
Wu-Tang Clan ရဲ့  ပွဲဦးထွက် အယ်လ်ဘမ် ကို ထုတ်လုပ်ခဲ့ပြီး ၄ နှစ်ခန့်ကြာတဲ့အခါမှာတော့ အဖွဲ့ဝင်တွေအားလုံး ပြန်လည် စုစည်းခဲ့ပြီး သူတို့ရဲ့  ဒုတိယမြောက် အယ်လ်ဘမ်ဖြစ်တဲ့ "Wu-Tang Forever" ကို ဖန်တီး ခဲ့ကြပြန်ပါတယ်။ "Wu-Tang Forever" အယ်လ်ဘမ်ထဲဟာတော့ ၁၉၉၇ ခုနှစ် ဇွန်လမှာ ထွက်ရှိလာခဲ့ပြီး အဲဒီ 
အယ်လ်ဘမ် ထဲက ကြိုတင်ဖြန့်ချီထားတဲ့ Single သီချင်း "Triumph" ဟာလည်း ရှေ့ပြေး ပေါက်မြောက် အောင်မြင်နေပြီးသား ဖြစ်နေပြန်တာကြောင့် "Wu-Tang Forever" ဆိုတဲ့ အယ်လ်ဘမ် ဟာ ပထမဆုံး အပတ်မှာတင် အခွေအရေအတွက်ပေါင်း ၆၁၂,၀၀၀ ချပ် အထိ ရောင်းထွက်နိုင်ခဲ့ပြီး Billboard ရောင်းအားအကောင်းဆုံး စာရင်းမှာ ထိပ်ဆုံးက ရပ်တည်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် Wu-Tang Clan အဖွဲ့ဟာ သူတို့ရဲ့  ဒုတိယမြောက် အယ်လ်ဘမ် အတွက်တော့ ရေဒီယို မှာ ထုတ်လွှင့်ခွင့်တွေကို ကန့်သတ်ခဲ့တယ်လို့ သိရပါတယ်။ 
"Wu-Tang Forever" အယ်လ်ဘမ်ဟာ ထွက်ရှိပြီး လအနည်းငယ်ခန့်အကြာမှာတော့ အခွေရောင်းအား ပလက်တီနမ် လေးဆ (4x Platinum) အဆင့်အထိ သတ်မှတ်ခံခဲ့ရပြီး Wu-Tang Clan ရဲ့  သမိုင်းမှာလည်း ရောင်းအားအကောင်းဆုံး အခွေတစ်ခွေ ဖြစ်ခဲ့ပါတယ်။ ကံမကောင်းခဲ့တဲ့ တစ်ခုကတော့ အဲဒီအယ်လ်ဘမ်ဟာ သူတို့အဖွဲ့အတွက် စီးပွားရေး အဆန်ဆုံး လှုပ်ရှားမှုတစ်ခုအဖြစ် ဝေဖန်ခံခဲ့ရတာပါ။ စူပါစတား Rapper ၉ ယောက်နဲ့အတူ Wu-Tang Clan ရဲ့  Hip-Hop ဟာ သိသာထင်ရှားတဲ့ ကွဲပြားခြားနားမှုတစ်ခုကို ထင်ဟပ်စေခဲ့သလိုပဲ ၁၉၉၇ ခုနှစ်မှာထွက်ပေါ်လာတဲ့ Wu-Tang Clan ဟာ ၁၉၉၂ခုနှစ်တုန်းက Wu-Tang Clan နဲ့ ဘယ်အရာမှ မတူညီတော့ပါဘူး။ စိတ်ဓါတ် ၊ ပိုက်ဆံ နဲ့ ဂုဏ်သိက္ခာ တို့ဟာလည်း ဂီတ ပုံစံခွက် ထဲ စတင်ရောက်ရှိလာခဲ့ပြီး သိပ်မကြာခင်မှာပဲ  အဖွဲ့ဝင်တွေဟာလည်း ကိုယ့်လမ်းကိုယ်လျှောက်ဖို့ ဆုံးဖြတ်ချက်ချခဲ့ကြပါတယ်။ 
"ကျွန်တော် ဒါကြီးကို အာဏာရှင်စနစ် တစ်ခုလိုပဲ စတင်ခဲ့တာပါ။ ဒါပေမယ့် ဒုတိယအခွေကတော့ "ဒီမိုကရေစီ ရဲ့  အစ" ဖြစ်ခဲ့ပါတယ်။ ၁၉၉၇ ခုနှစ်မှာတော့ ကျွန်တော် Wu-Tang Clan ကို ပုဂ္ဂိုလ်ရေးအရ လူစုခွဲ ခဲ့ပါတယ်။ အဲဒီနေ့ကိုကျွန်တော် မမေ့ပါဘူး။ ကျွန်တော်တို့အားလုံး Rage Against The Machine ရဲ့  နယ်လှည့်ဖျော်ဖြေရေး ဘတ်စ်ကားပေါ်မှာ ရှိနေခဲ့တာပါ" လို့ RZA က ပြောပြခဲ့ပါတယ်။

Wu-Tang Clan ရဲ့ Hip-Hop တော်လှန်ရေး ( အပိုင်း ၂) ကို ဆက်လက်ဖော်ပြသွားပါမည်။ 

Written by : Zwe Thet Paing
Originality : Trend Myanmar

0 comments:

ဝေဖန်မှုတွေကို ကြိုဆိုလျက်ပါ..